အိပ်ချင်သော်လည်း အိပ်၍မပျော်သောညသည်
ခက်ခဲပင်ပန်းလွန်းလှပေစွ။ အခန်းထဲသို့ အပြင်ဘက်ဆီမှ မဆိုစလောက် ဖြာကျနေသော အလင်းရောင်ကြောင့်သာ
စိတ်ပင်ပန်းမှုများသည် အနည်းငယ် ပြေလျော့သလို ထင်ရသည်။ တစ်ခန်းလုံးများ မှောင်အတိဖြစ်နေလျှင်
ညသည် ပို၍ ခြောက်ခြားဖွယ်ရာနှင့် စိတ်ဆင်းရဲခြင်းအတိများနှင့် ပြည့်စုံနေသော ညဖြစ်မည်မှာ
မုချ။ ဟိုသည်လူးလှိမ့်ရင်း ကြယ်တာရာဟူသည် တစ်ပြောက်စ နှစ်ပြောက်စပင် အလျဉ်းမရှိသော
ကောင်းကင်ယံသို့ လှမ်းမျှော်ကြည့်ရင်း စိတ်အလျဉ်သည် ကျွန်းလေးပေါ်ရှိ အခန်းကျဉ်းလေးထဲမှ
ပင်လယ်ကိုဖြတ်၍ ကြယ်ရောင်ပျိုးပျိုးပြက်ပြက်အောက်က အိမ်လေးထဲသို့ အလည်ရောက်သွားသည်။
မီးရောင်မလင်းတလင်းအောက်က
အိမ်လေးသည် ရယ်မောပျော်ရွှင်ဖွယ်ရာ စကားသံများနှင့် ဝေလျှံနေသည်။ အာကာတစ်ခွင်တွင် ပြည့်လုဆဲဆဲ
လကြီး၏ ပြုံးရယ်နေဟန်အား ငွေရောင်အပွင့်လေးများက ပိုမို၍ အားဖြည့်နေကြသည်မို့ ဖိတ်လျှံကျနေသော
သူ့ပုလဲရည်များသည် လမ်းမထက်ဝယ် ဟိုတစ်ကွက်၊ သည်တစ်ကွက်နှင့်။ ကလေးများက လရောင်အောက်တွင်
ပျော်ရွှင်စွာ ဆော့ခုန်နေကြသလို၊ လူလတ်ပိုင်း လူကြီးပိုင်းများက စကားတပြောပြောနှင့်
လမ်းလျှောက်ထွက်ကြသည်။ ညလေးသည် ချမ်းမြေ့ခြင်းအတိနှင့် ပြီးပြည့်စုံနေလေသည်။
သက်ရှိလူသား၏ တန်ဖိုးဖြစ်စေ၊
သက်မဲ့အရာဝတ္ထု၏ တန်ဖိုးဖြစ်စေ၊ ပျက်ဆီး၊ ပျောက်ဆုံး၊ ဝေးကွာသွားမှ ပို၍တန်ဖိုးပိုထားတတ်လာသည်မှာ
လူ့သဘာဝပေပဲလား။ လွတ်လပ်ခြင်း၏တန်ဖိုးကို လွတ်လပ်စွာမနေရမှ သိမြင်လာသလို၊ ပြုံးရယ်ခြင်းများ၊
ချစ်ခင်ခြင်းများနှင့် ပြည့်စုံနေသော အိမ်လေး၏ တန်ဖိုးကို စက်ရုပ်လူသားဆန်ဆန် မျက်နှာထားများကြားနေရမှ၊
အခန်းကျဉ်းလေးထဲ တစ်ကိုယ်တည်း နေရမှ နားလည်တန်ဖိုးထားတတ်လာသည်။
စိတ်တွင် တစ်စုံတစ်ရာထိခိုက်မိချိန်၊
စိတ်အားငယ်ချိန်၊ မိမိအားကိုးသော ချစ်ခင်သောသူများကို ရင်ဖွင့်လိုသော်လည်း အနားတွင်
တစ်ဦးတစ်ယောက်မျှ မရှိ။ ထိုချိန်ဝယ် အဝေးရပ်ဆီမှ အမေ့အားပေးစကား၊ အဖေ့အားပေးသံများကြားရလျှင်
မျက်ရည်များသည် အလိုလိုခုန်ဆင်းလာတတ်ကြကာ အေးမြလှသော အိမ်လေးကို လွမ်းဆွတ်မိ သည်။ ပျော်ရာမှာမနေ၊
တော်ရာမှာနေရသည်ဆိုသော်လည်း ကိုယ့်အတ္တကို ရှေ့တန်းတင်လို့ စွန့်ခွာခဲ့ပြီးမှ တော်ရာမှာနေရတာရော
ဟုတ်ရဲ့လားဟု ဆန်းစစ်မိတိုင်း သံသယအဖြေတွေက တနင့်တပိုးနှင့်။ လက်ရှိမှာတော့ အထပ်မြင့်အဆောက်အဦထဲက
အခန်းကျဉ်းလေးသည် ကိုယ့်အိမ်ပင်။ အချိန်အတိုင်းအတာတစ်ခုထိတော့ သည်အခန်းလေးထဲမှာ တည်းခိုရပေဦးမည်။
အကယ်၍များ ကိုယ်တို့ပိုင်ဆိုင်သော
အိမ်လေးများသည် စိတ်ပင်ပန်းဆင်းရဲမှုများ၊ နာကျည်းမုန်းတီးမှုများနှင့် ပြည့်လျှံနေခဲ့လျှင်..
အာဃာတများ၊ အမုန်းတရားများနှင့် တည်ဆောက်ထားသည်ဆိုလျှင်… မည်သူက ပြန်ချင်ပါမည်လဲ။ မည်သူက
လွမ်းဆွတ်တမ်းတနေပါမည်လဲ။ ပိုင်ဆိုင်သည့် အိမ်လေးများသည် ကိုယ်တို့ကို နွေးထွေးခြင်းများနှင့်
အားအင်များ အပြည့်အဝပေး၍ ရပ်တည်ခြင်းငှာ ဖေးမနိုင်သော အိမ်လေးဖြစ်ရမည်။ ထိုကဲ့သို့
အိမ်လေးဖြစ်ရန် တစ်ဦးတစ်ယောက်အားနှင့်မရ။ အိမ်လေးအား ပိုင်ဆိုင်ကြသောသူတိုင်းပေါ်တွင်
တာဝန်ရှိသည်။ မိမိတို့ပိုင်ဆိုင်သော အိမ်လေး သာယာချမ်းမြေ့စေရန်၊ ရောက်လာသမျှ ဧည့်သည်တိုင်းအား
ကြည်နူးမှုအေးရိပ်ပေးနိုင်စေရန်မှာ အိမ်တစ်အိမ်၏ အိမ်ထောင်ဦးစီးပေါ်တွင်သာမက အိမ်သားများအားလုံး၏
တာဝန်ဖြစ်သည်။
အိမ်လေးတစ်လုံး လှပခိုင်ခန့်၍
ကာလကြာရှည်စွာ တည်ရှိနေနိုင်ရန် ပြုပြင်မွမ်းမံမှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ရန်လိုသည်။
အသစ်နှင့် လဲလှယ်ရမည့်နေရာ လဲလှယ်၊ စွန့်ပစ်ရမည့်အရာများအား စွန့်ပစ်၍ လက်ရာကောင်းကောင်းနှင့်
စနစ်တကျ ပုံဖော်ထုဆစ်မှသာ လိုချင်သည့် အိမ်လေးတစ်လုံး ပိုင်ဆိုင်မည်မဟုတ်ပါလား။ အိမ်လေး
အစဉ်လှပကျက်သရေရှိစေရန်မှာလည်း အိမ်ထောင်ဦးစီးနှင့် အိမ်သားများ မည်ရွေ့မည်မျှ အပေးအယူမျှတစွာဖြင့်
ညီညွတ်ချစ်ခင်စွာ နေထိုင်ကြခြင်းအပေါ် များစွာ တည်မှီနေပြန်သည်။ ချစ်ကြည်ဖြူစွာ ပြုမူဆက်ဆံနေထိုင်ကြသည့်
အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ပြီဆိုလျှင် ထိုအိမ်လေးကို မည်သူကမျှ မစွန့်ခွာချင်ကြ။
အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာခဲ့ရသည့်တိုင် လွမ်းဆွတ်မိတတ်ကြ၍ အခွင့်သာလျှင် ပြန်လည်နားခိုချင်တတ်ကြစမြဲ။
သာယာချမ်းမြေ့သည့် အိမ်လေးတစ်လုံး
လိုချင်သည့်တိုင် ကိုယ်စီ တာဝန်ဝတ္တရားများကို လွှဲချ၊ ဖယ်ရှောင်နေလျှင် စိတ်ကူးယဉ် အိမ်ကိုသာ
ပိုင်ဆိုင်ကြရပေမည်။ ထို့ပြင် အိမ်တစ်လုံးပိုင်ဆိုင်ရစေကာမူ ပြုပြင်မွမ်းမံရမည့် အရာများအား
လျစ်လျူရှုထားပြန်လျှင်လည်း တဖြည်းဖြည်းနှင့် ခြစားသည့်အဆင့်သို့ ကျဆင်း၍ အိမ်လေး ပျက်ဆီးရပေလိမ့်မည်။
ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားသော အိမ်လေးများအား ပိုမိုကောင်းမွန်ရန် စနစ်တကျ လုပ်ဆောင်ရမည်မှာ
ထိုအိမ်လေးတွင် နေထိုင်ကြသော အိမ်သားအားလုံး၏ တာဝန်ဖြစ်ပေသည်။
ကိုယ် လွမ်းဆွတ်မိသော ကိုယ့်
အိမ်လေးသည် ပျော်ရွှင်ချမ်းမြေ့ခြင်းများနှင့် ပြည့်စုံလျက်၊ နွေးထွေးသော ရင်ဘက်များနှင့်
တည်ဆောက်ထားသည်။ သို့အတွက် အဝေးတစ်နေရာ အခန်းကျဉ်းထဲမှ စိတ်သည် အိမ်လေးဆီသို့ အချိန်တိုင်း
အလည်ရောက်ရောက်သွားတတ်သည်မှာ အဆန်းတကြယ်မဟုတ်ပေ။ မှောင်နေသော အခန်းလေးဆီမှ လွမ်းရိပ်ကို
အိမ်လေးခံစားသိရှိနားလည်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ပြန်ချင်ရက်နှင့် မပြန်နိုင်ကြသော၊
ပိုင်ဆိုင်ထားသော အိမ်လေးများ ဆုံးရှုံးခဲ့ရသော၊ ကြိုဆိုသူကင်းမဲ့နေသော သူများထက်စာလျှင်
ကိုယ့်တွင် နွေးထွေးလက်အစုံများနှင့် အချိန်တိုင်း ကမ်းလင့်ကြိုနေကြသည့် ရင်ခွင်များ
များပြားစွာ…။
ကြယ်တာရာများကင်းမဲ့နေသော
ကောင်းကင်အောက်ရှိ အခန်းထဲမှ မျက်ဝန်းတစ်စုံတွင် လွမ်းရိပ်များ ဝေ့သီလျက်…။ မကြာသော
အချိန်တွင် အလွမ်းအဆွေး တေးသံတစ်ပုဒ် ထိုမျက်ဝန်းမှ ဖိတ်လျှံကျလာချိန်၊ ကြယ်ပွင့်လေးများဖြင့်
လင်းလက်နေသော အိမ်လေးဆီမှ စာလေးနှစ်စောင် အွန်လိုင်းမှတစ်ဆင့် ဖုန်းထဲ ပြိုင်တူဝင်လာသည်။
"သမီး… မိုးချုပ်နေပြီ… မအိပ်သေးဘူးလား" ဟူ၍။
ဂျွန်မိုး
18-6-2013 (00:56
AM)

